slide 1

 

  • fgbtcSlide1
  • fgbtcSlide2
  • fgbtcSlide3
  • fgbtcSlide4
  • Full Gospel Bible Training Centre (FGBTC) 20th Anniversary celebration at Strand Hotel.
  • Full Gospel Bible Training Centre (FGBTC) 20th Anniversary celebration at Strand Hotel.
  • Full Gospel Bible Training Centre (FGBTC) 20th Anniversary celebration at Strand Hotel.
  • Full Gospel Bible Training Centre (FGBTC) 20th Anniversary celebration at Strand Hotel.

Greeting to FGBTC

Written by Super User. Posted in Full Gospel Bible Training Centre

FGBTC အနှစ်(၂၀)ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲအတွက် Rev. Dr. Dam Suan Mung ၏ နှုတ်ခွန်းဆက်စကား

Full Gospel Bible Training Centre ကျောင်းတော်ကြီးရဲ့ အနှစ်(၂၀)ပြည့် ကျေးဇူးတော်ချီးမွမ်းဖို့ အချိန်အခါ ကျရောက်လာပြီ ဖြစ်လို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အထူးပဲ ချီးမွမ်းပါတယ်။ ၁၉၈၂ ခုနှစ် အိန္ဒိယနိုင်ငံမှာ ကျွန်တော် ကျမ်းစာကျောင်း သွားတက်ခဲ့စဉ်က Full Gospel Assembly အသင်းတော်ကို စတင် တည်ထောင်ဖို့ ဘုရားသခင်က ရူပါရုံ ပေးခဲ့ပါတယ်။ အဲဒီရူပါရုံ အတိုင်း ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့၊ ရန်ကုန်မြို့မှာ အသင်းတော်ကို အစပြုခဲ့ပါတယ်။ အခက်အခဲ ပြဿနာတွေ၊ ကြပ်တည်းမှုတွေ ကြားထဲကနေ ဘုရားသခင်က ပို့ဆောင်ခဲ့ ပြီးတော့၊ ရန်ကုန်မြို့လယ်ခေါင်မှာ အသင်းတော်ဟာဘုရားသခင်ရဲ့ ကောင်းကြီးပေးခြင်းအားဖြင့် တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။

Victory Christian Centre ကလာတဲ့ Mr. Greg Ford ဆိုသူက ကျမ်းစာကျောင်းဖွင့်ပြီးတော့ အဲဒီမှာ လူငယ်တွေကို သင်တန်းပေးရင် ကောင်းမယ်လို့ ကျွန်တော့်ကိုအကြိမ်ကြိမ် အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ကျမ်းစာကျောင်း ဖွင့်ဖို့ စိတ်မ၀င်စားခဲ့ပါဘူး။ ဘယ်လိုကိုင်တွယ် လုပ်ဆောင်ရမယ် ဆိုတာကိုလည်း နားမလည်ဘူး။ သူက နှစ်ကြိမ်၊ သုံးကြိမ် လာပြောတာနဲ့ ဆုတောင်းခဲ့တယ်။ ၂နှစ်၊ ၃နှစ်လောက် ကြာပြီးတဲ့ နောက်ပိုင်းမှာ ဂျပန်ကနေလာတဲ့ ပရောဖက်ကြီး Ron Sawka က ပရောဖက်သင်တန်း လာပေးရင်းနှင့်၊ ဒီအသင်းတော်မှာ ကျမ်းစာ ကျောင်းတစ်ခု ရှိလာပြီးတော့ အဲဒီကျောင်းက ဘုရားသခင်ရဲ့ လယ်ကွင်းပြင်ထဲမှာ အမှုတော်ဆောင်ဖို့ စေလွှတ်မယ့် လူငယ်များစွာကို မွေးထုတ်လိမ့်မယ်လို့ ပရောဖက် ပြုခဲ့ပါတယ်။ 
အဲဒီပရောဖက်ပြုချက်က ကိုယ်နှင့်မဆိုင်သလိုလို၊ ကိုယ့်အတွက်မဟုတ်သလိုလိုတောင် ခံစားမိခဲ့ပါတယ်။ အဲဒီနေ့ မနက်(၁၀)နာရီလောက်မှာ သူဒီလိုပြောခဲ့တာ နေ့လည်(၁)နာရီ လောက်ကြတော့ ကျွန်တော့် ရုံးခန်းမှာ Fax Message တွေဝင်လာခဲ့တယ်။ Sweden က သူငယ်ချင်း Mr. Hakan Gabrielsson က ခင်ဗျားနှင့်ကျွန်တော် အတူတူပူးပေါင်းပြီးတော့၊ ကျမ်းစာသင်တန်းကျောင်းတစ်ခု ဖွင့်မယ်။ သင်ဘာမှ မလုပ် တတ်ဘူး ဆိုရင်လည်း Sweden မှာ ဒီအလုပ်မျိုး ကျွမ်းကျင်တဲ့ ဇနီးမောင်နှံကို ခင်ဗျားဆီ ကူညီပေးဖို့ ငါစေလွှတ်မယ်လို့ ပြောလာတယ်။ မနက်(၁၀)နာရီ တုန်းက ပရောဖက်ပြုတာနှင့် အခုနေ့လည် (၁)နာရီမှာ ရခဲ့တဲ့ သတင်းစကားဟာ တစ်ထပ်တည်း တိုက်ဆိုင် သွားတော့ ဘုရားအလိုတော် တစ်ခုခုပဲဆိုပြီး ကျမ်းစာကျောင်းဖွင့်ဖို့ လက်ခံခဲ့တယ်။

၁၉၉၆ ခုနှစ်မှာ ဆရာ Hakan ရောက်လာခဲ့ပြီး၊ မကြာခင် မှာပဲ သူစေလွှတ်လိုက်တဲ့ Sweden က ဇနီးမောင်နှံဖြစ်တဲ့ ဆရာ Tord နှင့် ဆရာမ Susanne တို့ သူတို့ကလေးနှစ်ယောက်နှင့်အတူ ရန်ကုန်မှာ ကျမ်းစာသင်တန်းကျောင်းဖွင့်ဖို့ ရောက်လာပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဆီမှာရှိတဲ့ အမှုတော်ဆောင်လေးတွေ၊ လူငယ် လေးတွေ (၂၈)ယောက်နှင့် Full Gospel Bible Training Centre ဆိုပြီးတော့ ၁၉၉၆ စက်တင်ဘာလမှာ အစပြုခဲ့ပါတယ်။ အဲဒီ (၂၈)ယောက်က အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒုတိယနှစ် ကိုလည်း ဇွန်လဆန်းကနေ ဖေဖော်ဝါရီလကုန်အထိ ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းသားတွေ တစ်ဖြည်းဖြည်း များလာပြီးတော့၊ ကျမ်းစာကျောင်းရှိခြင်းအားဖြင့် အသင်းတော်မှာ အားသစ်လောင်း သလိုမျိုး ပုံမှန်ဖြစ်လာတယ်။ တစ်နှစ်ပြီးတစ်နှစ် ကျွန်တော်တို့ကျောင်းမှာ မြန်မာပြည်အနှံ့မှ ဂိုဏ်းဂဏပေါင်းစုံက လူမျိုးပေါင်းစုံ လာတက်ခဲ့ကြတယ်။ ဖေဖော်ဝါရီလရဲ့ နောက်ဆုံး အပတ်တိုင်းမှာ အနည်းဆုံးအယောက်(၁၀၀) ကျောင်းဆင်းခဲ့တယ်။ ဒီအနှစ်(၂၀)အတွင်းမှာဆိုရင် ကျောင်းသားပေါင်း (၂၀၅၁) ယောက်က ကျောင်းဆင်းသွားခဲ့ပါပြီ။
ကျွန်တော်တို့ရဲ့ အဓိက ဆောင်ပုဒ်က (၂တိ ၂း၁၅) မှာ ပါတဲ့အတိုင်း ခရစ်တော်ရဲ့ လုပ်သားကောင်းတစ်ယောက် ဖြစ်လာဖို့ မွေးထုတ်ပေးတာ ဖြစ်တယ်။ ကျေးဇူးတော်ကြောင့် မြန်မာပြည်တွင်း သာမက ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ရဲ့ ကျောင်းဆင်း တွေဟာ ထိပ်ဆုံးကနေ ချီးမွမ်းကိုးကွယ်ခြင်းတွေ၊ ဆုတောင်းခြင်း တွေကို ဦးဆောင်နေကြတယ်။ သင်းအုပ်ဆရာတွေ၊ သာသနာပြု ဆရာတွေ ဖြစ်လာကြပြီး၊ အသင်းတော်တွေကိုလည်း တည်ထောင် နေကြတယ်။ တချို့ဆိုရင် စီးပွာရေးလုပ်ရင်းနှင့် အသင်းတော်မှာ အသင်းတော် လူကြီးကအစ တစ်ထောင့် တစ်ကဏ္ဍ ကနေ အုတ်တစ်ချပ် သဲတစ်ပွင့်လို ဘုရားသခင် နိုင်ငံတော် အတွက် အဖက်ဖက်ကနေ ပါဝင်နေကြတာကို တွေ့ရတယ်။

ဒါ့ကြောင့် ဘုရားရဲ့ကျေးဇူးတော်၊ ဘုရားရဲ့ နာမတော်ကို အထူးပဲ ချီးမွမ်းပါတယ်။ ဒီလိုဖြစ်မြောက်လာရေးအတွက် အစအဦး ကတည်းက ဝိုင်းဝန်းကူညီပေးခဲ့တဲ့ ဆရာကြီးHakan Gabrielsson၊ ဒီကျမ်းစာကျောင်းအတွက် သူတို့အသက်တာ သူတို့ဘဝကို ရင်းနှီး မြုပ်နှံပေးတဲ့ ဆရာ Tord နဲ့ဆရာမ Susanne တို့ မိသားစု၊ သူတို့ကလေးနှစ်ယောက် Joel နှင့် Jessica အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ပြီးတော့ ဆရာ Steve Robert နှင့် Lydia တို့ ဇနီးမောင်နှံ၊ နှစ်တိုင်းလာသင်ပေးတဲ့ ဆရာကြီး Bertil Sward ပြီးတော့ Singapore ကနေ လာသင်ပေးတဲ့ ဆရာBeng Seng ဆရာမ Cynthia အခါ အားလျော်စွာ နိုင်ငံခြားကနေ လာသင်ပေးတဲ့ တခြားဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာမှသိပ်မသိကြဘဲ ရောက်လာကြတဲ့ ကျောင်းသူကျောင်းသား တွေကို ဒီက ဆရာ၊ ဆရာမ တွေက အနစ်နာခံပြီးတော့ သင်ကြားပေး၊ ဦးဆောင် ပေးပြီးပြုစု ပျိုးထောင်နေတဲ့ အတွက် ဆရာ၊ ဆရာမ အယောက်စီတိုင်း ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

အစပိုင်းမှာ ကျမ်းစာကျောင်းရဲ့ ရန်ပုံငွေ လိုအပ်မှုတွေ အတွက် ဆရာကြီး Hakan ကနေပဲ ကမကထ လုပ်ပြီးတော့ ရှာပေးခဲ့တယ်။ ကျွန်တော်တို့ ကျောင်းမှာတော့ ကျောင်းသူ ကျောင်းသားတွေ ခက်ခက်ခဲခဲရှိပေမယ့် ယုံကြည်ခြင်းနှင့် လာတက် ကြတယ်။ အဲဒီဆရာတွေကပဲ သူတို့ကို ထောက်ပံ့ပေးမယ့် လူတွေ ဝိုင်းရှာပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ ရန်ကုန် အသင်းတော်ထဲက မိဘညီအစ်ကိုတွေ၊ အသင်းတော် မိသားစုဝင်တွေက ခက်ခဲတဲ့ ကျောင်းသူကျောင်းသားတွေကို ဝိုင်းဝန်းကူညီ ထောက်ပံ့ လာကြတယ်။
ကိုစွမ်ပီးတို့၊ ကိုနန်ပီးတို့ ဂျပန်မှာနေတုန်းက ကူညီခဲ့ ကြတယ်။ နောက်ပိုင်း ဘုရားသခင်က လမ်းဖွင့်ပေးလို့ နိုင်ငံခြားတွေ သွားတဲ့အခါ ရောက်တဲ့နေရာတွေမှာ ကျမ်းစာ ကျောင်းသား တွေအတွက် အထူးအလှူငွေတွေ ကောက်ပေးကြတယ်။ အခု ဆိုရင် Tulsa မှာ Full Gospel Assembly တည်ထောင်လာနိုင်တဲ့အခါမှာ Tulsa အသင်းတော်က ဘုရား သခင်ပေးတဲ့ ရူပါရုံကိုအကောင်အထည်ဖော်ဖို့ နှစ်တိုင်းလိုလို ခက်ခဲတဲ့ ကျမ်းစာ ကျောင်းသူကျောင်းသား တွေအတွက် သူတို့ ခက်ခဲတဲ့ကြားကနေ ပါဝင်ပေးလာတဲ့အခါမှာ ကြီးစွာသော ထောက်ပံ့မှုတွေ ဖြစ်လာတယ်။ ရန်ကုန်မြို့ အသင်းတော် ထဲကသူတွေ၊ ရပ်နီးရပ်ဝေးက မိဘတွေ၊ ပြီးတော့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ တချို့သောသူတွေကလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီလာတာကို တွေ့ရတဲ့အတွက် ခက်ခဲတဲ့ ကျောင်းသူ ကျောင်းသား တွေလည်း အဆုံးမှာတော့ အောင်မြင်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆုတောင်းပေးသူများ၊ ကူညီထောက်ပံ့ ပေးသူများအားလုံး ဘုရားသခင် ကြွယ်ဝစွာ ကောင်းကြီးပေးပါစေ။

ဒီနေ့ အနှစ်(၂၀)တိုင်တိုင် ပို့ဆောင်ပေးတဲ့ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒါဟာ ကျွန်တော် တစ်ယောက် တည်းရဲ့ ကြိုးစားမှုနဲ့ မဖြစ်နိုင်ပါဘူး။ အခု ကျောင်းမှာ တာဝန် ယူပေးနေတဲ့ ဆရာ၊ဆရာမတွေ၊ ဘာသာရပ်အသီးသီးကို သင်ကြား ပေးနေတဲ့သူတွေ၊ နှစ်အဆက်ဆက်မှာ ပါဝင်ခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နာမည်မဖော်ပြနိုင်တဲ့ သူတွေများစွာလည်း ပါဝင်ခဲ့ကြတာ ဖြစ်တယ်။ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။
ဒီကျောင်းကို နှုတ်ကပတ်တော်ခံယူဖို့ ရွေးချယ်ပြီး လာတက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသား အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဒီကျောင်းနှင့် ကျောင်းသူ ကျောင်းသား တွေရဲ့ ပံ့ပိုးမှုသာ မပါခဲ့ဘူးဆိုရင် ဒီနေ့ အသင်းတော်ဟာ အခုလို အောင်မြင်နေတာမျိုး ဖြစ်ချင်မှ ဖြစ်မယ်။ တစ်နှစ်တစ်နှစ် ကျမ်းစာ ကျောင်းသူကျောင်းသားတွေရဲ့ ဧဝံဂေလိ ဟောခြင်း အားဖြင့် ခရစ်တော်ကို သိရှိယုံကြည်လက်ခံတဲ့သူတွေ၊ ဗတ္တိဇံခံလာတဲ့ သူတွေလည်း မနည်းပါဘူး။ ဒီကျမ်းစာကျောင်းနှင့် ကျောင်းသူ ကျောင်းသားများရဲ့ ကြိုးစားမှု၊ ဆက်ကပ်မှုရဲ့ အသီးအပွင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းတော်ကြီးဟာ အသင်းတော်ရဲ့ ကြီးမားသော ကောင်းကြီး ဖြစ်ပါတယ်။ အသင်းတော်ရဲ့ ရူပါရုံကို အကောင်အထည်ဖော်ဖို့ ပန်းတိုင် ရောက်ဖို့ ဒီကျောင်းတော်ကြီးဟာ အဓိက ကျတယ်လို့ ပြောချင်ပါတယ်။
ဒီကျောင်းအတွက် ဆရာကြီး Beng Seng တို့ အသင်းတော်က အဆောင်ငှါးဖို့ နှစ်ပေါင်းများစွာ ကူညီခဲ့ကြတယ်။ ဆရာမ Cynthia တို့ကလည်း တတ်နိုင်တဲ့ဖက်နေ ပါဝင်ပေးခဲ့တယ်။ ဆရာကြီး Pastor Kazuo တို့ (Tokyo City Church) အနေနဲ့ ကျမ်းစာကျောင်းသူ ကျောင်းသားတွေရဲ့ စနေနေ့တိုင်း ဧဝံဂေလိသွားဖို့ တစ်လမှာ ဒေါ်လာနှစ်ရာ၊ မြန်မာငွေအားဖြင့် ကျပ်နှစ်သိန်းကျော်လောက် ပါဝင်ကူညီနေတာ ဖြစ်ပါတယ်။ အခုလို ကျမ်းစာကျောင်းရဲ့ အနှစ်(၂၀)မြောက် ကျေးဇူးတော်ချီးမွမ်းပွဲမှာ သူတို့ကိုယ်တိုင် မအားမလပ်တဲ့ ကြားထဲ ကနေ ကျေးဇူးတော် ချီးမွမ်းဖို့ အချိန်လာပေးတာလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။

အခုကျွန်တော်တို့ အသင်းတော်မှာဆိုရင် အချိန်ပြည့် အမှုတော်ဆောင် အယောက်(၉၀)နီးပါးရှိတယ်။ အားလုံးနီးပါးက ဒီကျောင်းရဲ့ ကျောင်းဆင်းတွေ ဖြစ်တယ်။ သူတို့တွေကပဲ ဘုရားအမှုတော်အတွက် ပြန်ဆက်ကပ်မယ့် သူတွေကို သင်ပေးပြီး၊ ပြန်လည်မွေးထုတ်နေတာ တွေ့ရတယ်။ ဘုရားသခင်ရဲ့ နိုင်ငံ တော်ကို ဘုရားသခင်ကပဲ တည်ထောင်ပြီး၊ ကြီးပွားတိုးတက် စေတယ် ဆိုတာ ဒီကျောင်းတော်ကြီးက သက်သေ ထူနေတာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေနှင့် ဆရာဆရာမတွေ အားလုံးရဲ့ပူးပေါင်းမှုက ခရစ်တော်ရဲ့ အောင်လံကို လွှင့်ထူနေတယ် ဆိုတာကို ဂုဏ်ယူစွာနှင့် ပြောလိုပါတယ်။ ဒါကြောင့်မို့ ရူပါရုံကို ပေးပြီး၊ အကောင်အထည် ဖော်ပေးတဲ့ ဘုရားသခင်နှင့် ကူညီပံ့ပိုးတဲ့သူ အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ကျောင်းတော်ကြီး အားဖြင့် မြန်မာပြည်ကြီးက ယေရူကိုသိလာမယ်။ ကမ္ဘာက ယေရူကိုသိလာဖို့ ဘုရားသခင် အသုံးပြုမယ့် ကျောင်းဖြစ်ပါတယ်။
ဒီကျမ်းစာကျောင်း အစပြုဖို့ ကူညီခဲ့တဲ့ ဆရာကြီး Hakan Gabrielsson က ရူပါရုံမြင်ခဲ့တယ်။ ဘုရားကျောင်းရဲ့ ခေါင်မိုး ပေါ်မှာ မီးတောက်တစ်ခုကနေ မီးပွားတွေ ပျံ့လွှင့်ပြီး၊ အဲဒီမီးပွား တွေဟာ ကူးဆက်ပြီးတော့ လောင်နေတယ်။ တစ်ကမ္ဘာလုံးကို တို့ထိတယ်လို့ ရူပါရုံ ရခဲ့တာဖြစ်တယ်။ ဒီကျောင်းကနေ ဆင်းသွားတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ဝိညာဉ်တော်နှင့် ပြည့်ဝပြီးတော့၊ ဧဝံဂေလိလုပ်ငန်းမှာ စိတ်အားထက်သန်တဲ့အတွက် မြန်မာပြည် အနှံ့သာမက ကမ္ဘာအဝန်းမှာ ပြန့်ကျဲရောက်နေပြီး ဟောပြော နေကြတယ်။ သက်သေထူနေတာ လာမယ့်နှစ်တွေ လတွေမှာ ပိုလို့တောင် ကြီးမားတဲ့အမှုတွေ ဖြစ်ပေါ်နေမယ်ဦး ဆိုတာကို ယုံကြည်စိတ်ချစွာ မျှော်လင့်မိပါတယ်။

ဒါကြောင့်မို့ ဒီကျမ်းစာကျောင်းအားဖြင့် ဘုရားသခင်က အသင်းတော်ကို ပေးတဲ့ရူပါရုံကြီး အကောင်အထည်ဖော်ဖို့ ဆက်လက် ရှင်သန်ပြီးတော့ တိုးပွားစေမယ်၊ အသုံးပြုမယ်ဆိုတာ ယုံကြည်စိတ်ချလျှက် ကျမ်းစာကျောင်းရဲ့ အကြိမ်(၂၀)မြောက် ကျေးဇူးတော် ချီးမွမ်းပွဲတော်မှာ ကျေးဇူးတင်စကား၊ ဂုဏ်ပြုစကားပြောကြားရင်းနဲ့ နိဂုံးချုပ်လိုပါတယ်။ အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ အာမင်

 

Worship Services

    Myanmar (Main)
  • 9:00 AM to 1:00 PM
    Zomi
  • 1:00 PM to 4:00 PM
    Emglish
  • 5:00 PM to 7:00 PM
    Youth (Saturday)
  • 1:00 PM to 3:00 PM
    Women (Saturday)
  • 10:00 AM to 12:00 PM
    Church School
  • 9:00 AM to 1:00 PM (in main Service)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm