slide 1

 

လွတ်မြောက်စေချင်သူ

Written by Super User. Posted in Pastor Mung Preaching Article

(၁) ၀န်ထုပ်တွေကို ဖယ်ရှားပေးချင်တဲ့ ယေရှု
၀န်ထုပ်တွေကို ဖယ်ရှားပေးချင်တဲ့ ယေရှု (မဿဲ၁၁း၂၈-၃၀) ဒီနေ့ ယေရှုက အားလုံးကို ဖိတ်ခေါ်တာဖြစ်တယ်။ ဒီနေ့ ခရစ်ယာန်တွေ ကယ်တင်ခြင်းရပြီး ၀န်ထုပ်တွေ လျောကျသွားတာ မဟုတ်ဘဲ ၀န်ထုပ်တွေကို ပြန်ပြန်ထမ်းတဲ့ လူများစွာ ရှိတာဖြစ် တယ်။  စိတ်ပင်ပန်းခြင်း၊ စိုးရိမ်မှုနှင့် ပြည့်ခြင်း၊ အားငယ်နေခြင်း၊ ကြောက်ရွံ့သိမ်ငယ်နေမှု၊ မရင်ဆိုင်ရဲတာတွေ များလာခြင်း၊ လူတွေက ငါ့ကို ဘယ်လိုမြင်မလဲ စသည့် မမြင်ရတဲ့ ၀န်ထုပ်တွေအတွက် ယေရှုက "၀န်လေး၍ ပင်ပန်းသောသူအပေါင်း ငါ့ထံသို့ လာကြ" လို့ ပြောထားတာဖြစ်တယ်။ ဒီနေ့ ဘာဝန်ထုပ်ပဲ ရှိရှိ ယေရှုက ဖိတ်ခေါ်တာဖြစ်တယ်။ အပြစ်ဝန်ထုပ်တွေ များစွာ ရှိပေမဲ့ ယေရှုက "၀န်လေး၍ ပင်ပန်းသောသူအပေါင်း ငါ့ထံသို့ လာကြ" လို့ ပြောနေတယ်။ "ငါချမ်းသာပေးမယ်" လို့ ဖိတ်ခေါ်နေပါတယ်။ ဟေရှာယအနာဂတ္တိကျမ်းထဲမှာ "လာကြ ဆွေးနွေးကြကုန်အံ့ သင်တို့အပြစ်ဟာ ကမ္ဗလာလို နီသော်လည်း မိုးပွင့်ကဲ့ သို့ ဖြူစင်စေမယ်" လို့ ပြောထားပါတယ်။

ကမ္ဘာပေါ်မှာ လူတွေက လူကောင်းကိုပဲကြိုဆိုတယ်။ လူဆိုးဆိုရင် ဘယ်သူမှ မကြိုဆိုဘူး။ အပြစ်ရှိပြီး မကောင်းတဲ့ ကျွန်တော်တို့တွေကို လက်ခံတဲ့သူဟာ ယေရှု တစ်ပါးတည်းပဲ ရှိတာဖြစ်တယ်။ ဘယ်လောက်ပဲ ရွံရှာမုန်းတီးစရာကောင်းပြီး အပြစ်တွေ ဘယ်လောက်များ ပါစေ။ ယေရှုက "လာခဲ့ပါ။ ငါချမ်းသာ ပေးမယ်" လို့ ဖိတ်ခေါ်နေတာ ဖြစ်တယ်။ဘာပဲ ဖြစ်နေပါစေ ခရစ်တော်ဆီကို စိတ်နှလုံး အကြွင်းမဲ့နှင့် မိမိရဲ့ ဖြစ်သမျှကို ပွင့်လင်းစွာ ပြောဖို့လိုပါတယ်။ ဒါဟာ ယေရှုဆီလာဖို့ စစ်မှန်တဲ့ နည်းလမ်းဖြစ်တယ်။ တကယ်နောင်တနှင့် လာတဲ့သူကို ခရစ်တော်က ခွင့်လွှတ်တာ ဖြစ်တယ်။ ခရစ်တော်ဆီ လာတဲ့ အခါမှာ နောင်တ နှလုံးသားနှင့် မိမိရဲ့ ဖြစ်ပျက်ခဲ့ သမျှကို တောင်းပန် ဖွင့်ပြောရမည်။ ခွင့်လွှတ်တဲ့ဘုရားသခင်ဖြစ်တယ်။ (၁ယော ၁း၉) တစ်ခါမှားတာနဲ့ နှင်ထုတ်တဲ့ ဘုရားသခင်သာဆိုလျှင် ကျွန်တော်တို့ အားလုံး ဘုရားသခင်နှင့် ဘယ်လိုမှ ဆက်သွယ်နိုင်မှာ မဟုတ်ဘူး။ အားနည်းတဲ့လူတွေကို အမြဲတမ်း ခေါ်ဖိတ် ကြိုဆိုနေတဲ့ ဘုရားသခင် ဖြစ်တယ်။
    
စိုးရိမ်မှုတွေနဲ့ ပြည့်တဲ့ လူတွေများစွာရှိတယ်။ စိုးရိမ်မှုဆို တာက ၀ိညာဉ်ဆိုး၊ နတ်ဆိုးတွေ ထည့်ပေးတဲ့ မကောင်းတဲ့ ၀ိညာဉ်ဆိုးရဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ ကျွန်တော့် မိတ်ဆွေ ဆရာမတစ်ယောက် ညညဆို ငိုတယ်။ "ကျွန်မယောက်ျားသာ ဆုံးပါးသွားရင် ဘယ်လို လုပ်မလဲဆို တာ တွေးပြီး" ငိုနေတယ်။ သူ့ယောက်ျားက သေဖို့ နေနေသာသာ ကျန်းမာလို့ ဒေါင်ဒေါင်မြည်နေတယ်။ ဒါပေမယ့် သူ့ယောက်ျား သေရင်ဘယ်လိုလုပ်မလဲဆိုတာ တွေးတွေးပြီး စိုးရိမ်လို့ ငိုနေတယ်။ စာတန်မာန်နတ်က လူတွေကို ဒီလိုစိုးရိမ်မှုတွေနဲ့ ဖိစီးနေတာ ဖြစ်တယ်။ မိတ်ဆွေရဲ့ အနာဂတ်ကို အကောင်းဆုံး ပုံဖော်ပေးချင်လို့ လက်ဝါး ကပ်တိုင်မှာ မိတ်ဆွေရဲ့ ကျိန်ခြင်း အမင်္ဂလာအားလုံးကို ယူတင်ဆောင်သွားတဲ့ ယေရှုဟာ အသက်ရှင်တဲ့ ဘုရားသခင်ဖြစ်တယ်။ မဖြစ်သေးတာတွေ ကြိုတွေးပြီး ဖြစ်များ ဖြစ်လာမလား စိုးရိမ် နေတယ်။ ဘုရားသခင်လက်ထဲမှာ အရာခပ်သိမ်း ရှိနေကြောင်းကို ယုံကြည်ပါ။ ကျွန်တော်တို့ဟာ ဒီလောကမှာတင် မဟုတ်ဘဲ တမလွန်မှာပါ ယေရှုအားဖြင့် ကောင်းစားမဲ့ လူတွေ ဖြစ်တယ်။ လောကအရေးကိုပဲ တွေးနေတဲ့ လူတွေက ကျွန်တော်တို့ မဟုတ်တော့ပါဘူး။ တစ်ချို့က သားသမီးတွေကို ဖြစ်စေချင်လွန်းလို့ အစိုးရိမ်လွန်နေကြတယ်။ မိဘတွေ သားသမီးတွေကို အကောင်းဆုံး သွန်သင်ပါ။ ဆုတောင်းပေးပါ။ တက်နိုင် သလောက် ကြိုးစားပေးပါ။ အပိုဝန်ကို သားသမီးအတွက် မထမ်းပါနှင့်။ ကျောင်းထားနိုင်တာ မထားနိုင်တာ အဓိက မဟုတ်ပါဘူး။ သူတို့ တစ်ဦးချင်းစီအတွက် ဘုရားသခင်ရဲ့ အကြံအစည် ရှိနေတာဖြစ်တယ်။ ဘုရားသခင်ကို ယုံကြည်ပါ။ ခရစ်တော်ရဲဲ့ဝန်ဟာ ပေါ့ပါးတဲ့ဝန် ဖြစ်ပါတယ်။
    
အာဖရိက က လူငယ်တစ်ယောက်ရဲ့ သက်သေခံချက်ကို ကျွန်တော် အရမ်းခွန်အားရပါတယ်။ သူ့အမေက ပြည့်တန်ဆာမ ဖြစ်တယ်။ သူတို့ အရမ်းဆင်းရဲလွန်းတော့ သူများရဲ့ ကားဂိုဒေါင်မှာဘဲ နေရတယ်။ အိမ်ရှင်တွေရဲ့ အလုပ်ကို အရမ်းလုပ် ပေးရတယ်။ ဒါပေမယ့် အိမ်ရှင်တွေက ထမင်းမကျွေးဘူး။ အလုပ်ပဲ
လုပ်ခိုင်းတယ်။ မွေးထားတဲ့ ခွေးတွေကို ကျွေးတဲ့အစာကို သူ စားရတယ်။ နောက်ဆုံး ခွေးတွေတောင် တအားပိန်လာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခွေးရဲ့အစာတွေကို သူ စားပစ်လိုက်လို့ဖြစ်တယ်။ အဲဒီ သူဌေးက သူ့ကလေးတွေကို ပညာသင်ပေးချင်လို့ အကောင်းဆုံး ဆရာမတွေငှားပြီး သင်ပေးတယ်။ သူလည်း စာ တတ်ချင်တော့ အပေါက်ကလေးကနေ ချောင်းကြည့်ပြီး နားထောင်တယ်။ အဲဒီကနေ ပညာသင်တယ်။ တစ်နေ့ သူဌေးက မြင်သွားတယ်။"ငါ့ကလေးတွေ ပညာသင်တာ နင်က ဘာဆိုင်လို့ ခိုးနားထောင်တာလဲ" ဆိုပြီး ရိုက်တယ်။ သူ့ကလေးတွေ သင်တဲ့ စာတစ်ချို့ကို မေးတော့ သူက အကုန်ဖြေနိုင်တယ်။ ဒါနဲ့ သူဌေးက "မင်းမဆိုးဘူး" လာဆိုပြီး သူ့ကလေးတွေနှင့်အတူ စာသင်ခိုင်းတယ်။ ဘုရားသခင် ရွေးကောက်တော့ ၀ိညာဉ်တော်က တို့ထိပြီး၊ အာဖရိကကနေ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကြီးကို ပညာသင်ဖို့သွားရတယ်။ သူ့ကို ကူညီမယ့် သူကို ဘုရားသခင်က ပို့ပေးတယ်။ သူ့ကို ကူညီမယ့်လူက ဘယ်သူလဲဆိုတော့ အဲဒီ သူဌေးအိမ်မှာ လာလည်တဲ့လူတစ်ယောက် ဖြစ်တယ်။ ၀ိညာဉ်တော်က ဖွင့်ပြလို့  သူက အဲဒီလူကို "မူးယစ်ဆေးဝါး ဘိန်းကုန်ကူးတဲ့ ခင်ဗျားကို ဘုရားသခင် ဆုံးမမည်}} လို့ ပြောတော့ သူဌေးက တအားစိတ်ဆိုးတယ်။ အဲဒီလူကလည်း သူ့ရဲ့ လျှို့ဝှက်အလုပ်ကို သိသွားပြီဆိုတော့ အရမ်းစိတ်ဆိုးတယ်။ သူ့ကို ရန်တွေ့ဖို့ ကပ်လာတော့ သူ့ လက်ကိုဆန့်လိုက်တာနဲ့ ဟိုလူကြီးက မြေကြီးပေါ်ကိုု လဲကျသွားတယ်။ အဲဒီလူရဲ့ အသက်ဟာ ပြောင်းလဲသွားတယ်။ အဲဒီလူက သူ့ကို လန်ဒန်သွားဖို့ လေယာဉ်လက်မှတ် ၀ယ်ပေးသွားတယ်။ လန်ဒန်ရောက်တော့လည်း ထောက်ပံ့မယ့်သူ မရှိပြန်ဘူး။ ဒီအချိန်မှာ သူ့အနားကို ဖြတ် လာတဲ့ အမျိုးသမီးကို ၀ိညာဉ်တော်က ဖွင့်ပြောတော့ သူက "မင်းမှာ ဗှီုှ ရောဂါ ရှိတယ်"လို့ ပြောလိုက်တယ်။ အမျိုးသမီးက အရမ်းစိတ်ဆိုးပြီး ရန်တွေ့ဖို့ လုပ်တော့ သူ ဆုတောင်းပေးလိုက်တာနဲ့ အမျိုးသမီးလဲကျသွား တယ်။ ရဲတွေက သူ့ကို ဖမ်းဖို့လုပ်တော့ အဲဒီ အမျိုးသမီးထလာပြီး "သူဟာ ကျွန်မသူငယ် ချင်းပါ" လို့ပြောတော့ ရဲတွေက မဖမ်းတော့ဘူး။ အမျိုးသမီးက သူ့အိမ်ကို ခေါ်သွားတယ်။ သူ့ရောဂါလည်း ချက်ချင်း ပျောက်သလို ခံစားတယ်။ ဒီအမျိုးသမီး ကပဲ သူ့ကျောင်းစရိတ်အားလုံးကို ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်။
    
ဒီလူငယ်ဟာ ကမ္ဘာကျော် ပရောဖက်ကြီး ဖြစ်လာ တယ်။ တစ်ခါက သူ အမေရိကန်သွားဖို့ သံရုံးဝင်တော့ သံရုံးက ျွနနြခအ ထုပေးလိုက်တယ်။ ဆယ်နှစ်အတွင်း အမေရိကန်သွားခွင့်မရှိဘူး။ တစ်နေ့ကျတော့ အမေရိကန်ဒုသမ္မတ အယ်ဂိုလ်းရဲ့ သမီးက ကင်ဆာ ရောဂါ ဖြစ်နေတယ်။ သူ့ကို ဆုတောင်းပေးဖို့ ဒုသမ္မတက ခေါ်ခိုင်းတယ်။ အမေရိကန် စစ်လေယာဉ်နှင့် သူ့ကို လာခေါ်တယ်။ သူ ဆုတောင်း ပေးသွားတော့ နိမိတ်လက္ခဏာများစွာ ဖြစ်လာတယ်။ ကျွန်တော် ဘာပြောချင်လဲဆိုတော့ တစ်ယောက်စီတိုင်းအတွက် ဘုရားသခင် အကြံအစည် ရှိတာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ အငန်းအတာ အားလုံးကို ဘုရား သခင်က တာဝန်ယူပေးမှာ ဖြစ်တယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုကနေ လွတ်ဖို့ ဘုရားသခင် ကောင်းချီးပေးပါစေ။
 
နောက်ဝိညာဉ်ရေးရာမှာ မလွတ်လပ်တာ တစ်ခုက လူတွေက ငါ့ကို ဘယ်လိုမြင်မလဲဆိုတဲ့ အတွေးဖြစ်တယ်။ ဒါမျိုး တအားတွေးတဲ့လူက မလွတ်လပ်ဘူး။ ဒါပေမယ့် ဘာမှ မတွေးဘဲ လျှောက်လုပ်တဲ့ လူတွေကျတော့ မုန်းစရာကောင်းပြန်ရော။ ဒါဟာ စဉ်စားဖို့ လိုပေမယ့် ချည်နှောင်ပြီး မလွတ်မလပ်နေဖို့လည်း မဟုတ် ပြန်ဘူး။ အတတ်နိုင်ဆုံး လူ့ဘောင်ဝင်အောင် နေဖို့လိုတယ်။ ချည် နှောင်မှုနဲ့ အသက်ရှင်တဲ့လူ မဟုတ်ဘဲ ဘုရားသခင်အလိုတော်နဲ့ အသက် ရှင်တဲ့လူပဲ ဖြစ်ပါစေ။ ဘုရားသခင်က ခိုင်းပြီဆိုတာ သိတယ်ဆိုရင် လူတွေ ဘယ်လိုထင်ထင် ကျွန်တော်ကတော့ လုပ်မှာပဲ။ ကျွန်တော့် ဇာတိ တပ်မက်မှုနှင့် မမှန်မကန် လုပ်တယ်ဆိုရင်တော့ ဆင်ခြင်ဖို့ လိုတယ်။ ဒါပေမယ့် ဒါဟာ ဘုရားသခင်ဘုန်းတော် ထင်ရှားဖို့ နှင့် အများ အတွက် ကောင်းကျိုးဖြစ်တယ် ဆိုရင်တော့ လူတွေ ထင်ချင်သလို ထင်ပါစေ ကျွန်တော်လုပ်မယ်။ အဲဒီလို အသက်ရှင်ဖို့ ဘုရားသခင် အလိုတော်ရှိတာဖြစ်တယ်။ လူတွေရဲ့ စိတ်မတွေ့ ရင် နေပါစေ။ ဘုရားရဲ့ စိတ်ဓါတ်နှင့် တွေ့ဖို့ ပိုလိုတာဖြစ်တယ်။ ဒါပေမယ့် လူတွေ မုန်းအောင် နေဖို့ မဟုတ်ပါဘူး။ ဘုရားရဲ့ ထောက်ပံ့မှုက ကုန်တယ်ဆိုတာ မရှိဘူး။ လူတွေက ဘယ်လို ဝေဖန် မလဲ ဘယ်လိုမြင်မလဲဆိုတာ တွေးကြောက်ပြီး နေတဲ့လူတွေဟာ အဲဒီအရာတွေရဲ့ကျွန် ဖြစ်တယ်။ လွတ်မြောက်ဖို့ ဘုရားသခင် ကောင်းချီး ပေးပါစေ။
    
ဘယ်သူမှ မထောက်ပံ့ရင်လည်း ဘုရားသခင်က ထောက်ပံ့မှာဖြစ်တယ်။ ယုံကြည်ကိုးစားခြင်းကို လူအပေါ်မှာ မထားဘဲ ဘုရားသခင်ဆီမှာပဲ ထားပါ။ ယုံကြည်ခြင်းကို ယေရှုအပေါ်မှာ မထားနိုင်သရွေ့တော့ ၀န်လေးနေမှာ ဖြစ်တယ်။ ယေရှုက ငါ့ထံ လာပါဆိုတာက ငါ့ကို ယုံကြည်ပါလို့ ပြောနေတာ ဖြစ်တယ်။ ယုံကြည်ကိုးစားခြင်းကို ခရစ်တော်အပေါ်မှာပဲ လုံးဝ ဥဿုံ ထားလိုက်ပါ။ ခရစ်တော်ကို တကယ် ယုံကြည်ကိုးစားတဲ့လူက ၀န်ပေါ့လာမှာ ဖြစ်တယ်။ လွတ်လပ်ပေါ့ပါးလာမှာ ဖြစ်တယ်။ စိုးရိမ်မှု၊ ကြောက်ရွ့ံ အားငယ်မှုကနေ လွတ်မြောက်မှာ ဖြစ်တယ်။ မှားခဲ့တာတွေအတွက် နောင်တရတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါနဲ့ ချည်နှောင်နေတာမျိုး မဖြစ်ဖို့ လိုတာ ဖြစ်တယ်။ မှားပြီးသားက ပြင်လို့မှမရတော့ပါဘူး။ ဒါပေမယ့် ရာဇဝင်ကိုပြောင်းလဲစေနိုင်တာက ယေရှုခရစ်တော် ဘုရားပဲဖြစ်ပြီး၊ ဆုံးရှုံးမယ့်ဘဝကို ပြောင်းလဲကာ ကြီးမားတဲ့ အောင်မြင်မှု ပေးနိုင်တာ ဖြစ်ပါတယ်။ ယေရှုဆီကို ယုံကြည်ကိုးစားမှု အပြည့်နှင့်လာပါ။
    
(၂) ၀မ်းမနည်းပါနှင့် အချိန်ကာလရောက်လာမည်။
သူများက ကောင်းချီး ရနေတယ် ခင်ဗျားနာမည်က ပါမလာဘူး အားမငယ်ပါနှင့်။ ခင်ဗျား အတွက်အကောင်းဆုံး ခွဲတမ်း (အချိန်) ကို ကိုယ်တော်က ပြင်ဆင်ပေးထားတာ ဖြစ်တယ်။ လူတွေက မေ့ကောင်း မေ့နေ ပါလိမ့်မည်။ ဒါပေမယ့် ခင်ဗျားကို ချစ်တဲ့ ယေရှု က ဘယ်တော့မှ မမေ့ဘူး။ ၁ ဓမ္မ ၁၆း၁-၁၃ မှာ ထာဝရဘုရားက ရှောလုကို ဖယ်လိုက်ပြီး ဣသရေလရှင်ဘုရင်အတွက် ယေရှဲ ရဲ့ သားတစ်ယောက်ကို ဘိသိက်ပေးဖို့ ပရောဖက်ရှာမွေလ ကိုပြောတယ်။ ယေရှဲက သူ့သားတွေကို ခေါ်လာတော့ ဒါ၀ိဒ်က ပါမလာဘူး။ ဒါ၀ိဒ်က စာရင်းတောင်မဝင်ဘူး။ သူဟာ မေ့ကျန်ခံရတယ်။ ဒါပေမယ့် ထာဝရဘုရားကတော့ မမေ့ဘူး။ ဒါကြောင့် မေ့လျော့ခြင်းခံရရင်လည်း အားမငယ်ပါနှင့်။ ခင်ဗျားအတွက် ခွဲတမ်းရှိတာဖြစ်တယ်။ အရေး ကြီးတာက ခင်ဗျားရဲ့စိတ် ဘုရားသခင်နှင့် မှန်ကန်ဖို့ပါပဲ။ ဘယ်လောက်ပဲ အနှိမ်ခံရပါစေ ဘုရားသခင်နှင့် မှန်ကန်နေပါ။ စိတ်နှလုံး အ<ကင်းမဲ့ ကိုးကွယ်ပါ။ ဒီလိုဆို ဘုရားသခင်က ဘယ်တော့ မှ မေ့ပြီးထားခဲ့မှာ မဟုတ်ဘူး။ လူတွေအပေါ် ခဏခဏ စိတ်ကောက် တဲ့လူ မဖြစ်ပါစေနှင့်။ ဘုရားသခင်က ကျွန်တော် ကျွန်မအတွက် အကောင်းဆုံးပေးမည်ဆိုတာ ယုံကြည်စိတ်ချပြီး နေတဲ့သူဖြစ်ပါစေ။ လူတွေက ခွဲတမ်းမပေးရင် နေပါစေ ဘုရားသခင် ဆုချတဲ့အခါမှာ အစုလိုက် အပြံုလိုက် ရမှာ ဖြစ်တယ်။ ဘုရားသခင်အတွက် အားကြိုးမာန်တက် လုပ်နေတယ်။ ဒါပေမယ့် ဘာလခမှမရဘူး ဆိုလျှင်လည်း အားမငယ်ပါနှင့်။ ဘုရား သခင် လခ ထုတ်ပေးတဲ့ အချိန်ကျရင် အစုလိုက် အပြံုလိုက် ရမှာ ဖြစ်တယ်။ ပုံမှန်ရတဲ့ သူထက်တောင်မှ ကောင်းစား သွားနိုင်တာ ဖြစ်တယ်။ ဘုရားသခင် ထုတ်ပေးတဲ့ လခက အကောင်းဆုံးဖြစ်တယ်။ လူတွေက ပြန်လမ်းမရှိအောင် လုပ်ရင်လည်း အားငယ်ပြီး စိတ်မနာနှင့်။ ယောသပ်ကဲ့သို့ ခင်ဗျားတိုးပွားမယ့် နေရာကို ဖြတ်လမ်းက ပို့တယ် ဆိုတာ ယုံကြည်ပါ။
    
(၃) ယုံကြည်ခြင်းနှင့် နိမိတ်လက္ခဏာကို မျှော်လင့်ပါ။
နိမိတ်လက္ခဏာကို မျှော်လင့်ကြ ပါလို့ ဘုရားသခင်က ပြောတာဖြစ်တယ်။ အသက်တာမှာ နိမိတ် လက္ခဏာ ဖြစ်မည်ဆိုတာ ယုံကြည်ပါ။ ကြီးမားတဲ့ အမှုတွေကို ခင်ဗျားအတွက် လုပ်ပေးတော့မှာ ဖြစ်တယ်။ ခင်ဗျားရဲ့ သဏ္ဌာန် တစ်ခုစီတိုင်းမှာ နိမိတ်လက္ခဏာဖြစ်မည်ဆိုတာကို ယုံကြည်ပါ။ ခင်ဗျား ယုံကြည်တဲ့ အတိုင်း ဘုရားသခင်ရဲ့ နိမိတ်လက္ခဏာကို မြင်ရမှာဖြစ်တယ်။ ယုံကြည်တဲ့လူကို ဂုဏ်ပြုတဲ့ ဘုရားသခင်ဖြစ် တယ်။ သူ့ကို လုံးဝ အားကိုးမှီခိုစေချင်တဲ့ ဘုရားသခင်ဖြစ်တယ်။ စိတ်ညစ်တဲ့ အသံတွေပဲ ပါးစပ်က မထွက်ပါစေနှင့်။ နိမိတ်လက္ခဏာ ဆိုတာက သာမာန်ဖြစ်နေတဲ့အရာထက် ထူးကဲစွာ ဖြစ်လာ တာ ဖြစ်တယ်။ မစဉ်းစား မတွေးခေါ်နိုင်လောက်အောင် ဘုရားသခင် က နိမိတ်လက္ခဏာပြုလာမှာ ဖြစ်တယ်။ ယုံကြည်တဲ့အတိုင်း ဘုရား သခင်ရဲ့ နိမိတ်လက္ခဏာကို မြင်ရမှာဖြစ်တယ်။


(၂၀၀၆-ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm