slide 1

 

ရွေးချယ်မှု မှန်ပါစေ

Written by Super User. Posted in Pastor Mung Preaching Article

မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာ ရှိ၏။ မကြောက်နှင့်။ သင်၏ ဘုရားသခင် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင်မမည်။ ငါ့သစ္စာ လက်ျာလက်ဖြင့်ထောက်ပံ့မည်။ (ဟေရှာယ ၄၁း၈-၁၆)

အသက်တာအောင်မြင်နိုင်ရန်အတွက် မည်သူ့ဘက်မှာ ပါရမလဲဆိုတာ အရေးကြီးပါသည်။ အထူးသဖြင့် ဘုရားသခင် ဘိသိက်ခဲ့တဲ့ နေရာ၊ ပုဂ္ဂိုလ်ကို ရွေးတတ်ဖို့အရေးကြီးသည်။ ရှောလုနဲ့ ဒါ၀ိဒ် အသက်တာကို ကြည့်ပါ။ ရှောလုသည် ဣသရေလရှင်ဘုရင်ဖြစ်ပြီး ဘုရားသခင် ဘိသိက်ခဲ့တဲ့သူ ဖြစ်သော်လည်း ဘုရားသခင် ၏စကား နားမထောင်သည့် တစ်နေ့၊  ဘုရားသခင်ရဲ့ ဘိသိက်ခြင်း သူ့ဆီမှာ မရှိတော့ပါ။ ထိုအချိန်တွင် ဘုရားသခင်က နောင်တက်မယ့် ဘုရင်အဖြစ် ဒါ၀ိဒ် ကို ရွေးခဲ့ပါသည်။ ဘုရားသခင်သည် ဒါ၀ိဒ်နဲ့ အတူပါရှိသည့်အတွက် ရှောလုက ရန်ဘက်ပြုလာပြီး ရှောလုအနေနဲ့ လက်ရှိနန်းထိုင်နေ တုန်းဖြစ်သော်လည်း ဘုရားသခင်၏အမြင်တွင် ဘုရင်မဟုတ်တော့ပါ။ တစ်နေ့တော့ ဂေါလျက်ဆိုတဲ့လူသည် ဣသရေလ တစ်တပ်လုံးကို စိန်ခေါ်လိုက်ပါသည်။ ထိုအခါ ရှောလုကိုယ်တိုင် တုန်လှုပ်ကြောက်ရွံ့ခဲ့သည်။ ထိုအဖြစ်ကို တပ်ထဲတွင် အလည်လာသော ဒါ၀ိဒ်က ကြား၍ မခံနိုင်ခဲ့ပါ။

ဘုရားသခင် ရွေးကောက်သောအမျိုးကို စိန်ခေါ်ရဲတဲ့သူကို ငါကိုယ်တိုင်ခေါင်းဖြတ်မယ်ဆိုပြီး လောက်လွဲလေးတစ်ခုနဲ့ တိုက်ခိုက်ခဲ့ပါသည်။ တကယ်ဆိုလျှင် ဒါ၀ိဒ်သည် ခေါင်းဖြတ်မယ်ပြောသောအချိန်တွင် အေဆာင်ယောင်အဖြစ် "ဓါး"ပင်မဆောင်ခဲ့။ ဂေါလျက်ကိုင်ထားသောဓားကိုမြင်သောကြောင့် ယုံကြည်ခြင်းဖြင့် ပြောလိုက်ခြင်းသာဖြစ်သည်။ ထိုဓါးနဲ့ပင် ရန်သူ့ခေါင်းကို ဖြတ်လိုက်ပါသည်။ အဆင်မပြေတိုင်း စိတ်ဓာတ်ကျတဲ့ စကားပြောသောသူသည် ယုံကြည်သူ မဟုတ်နိုင်ပါ။ ဂေါလျက်က သံချပ်ကိုလုံလုံခြုံခြုံ ဝတ်ထားသော်လည်း လွတ်နေသောနေရာဆိုလို့ နဖူးမှာ သေးသေးလေးပဲ ရှိနေသည်။ ဘုရားသခင် အတူပါရှိသောအခါမှာ ထိုနေရာ သေးသေးလေးကိုပဲ ဒါ၀ိဒ်၏ လောက်စာလုံးက ထိမှန်သွားပါသည်။

ယနေ့ သင့်အသက်တာတွင် အဆင်မပြေဖြစ်တိုင်း ရန်သူ့ဓားကိုမြင်လျှင်၊ ထိုဓားနဲ့ပဲပင် ရန်သူကိုနိုင်မယ်ဟု ယုံကြည်လိုက်ပါ။ အခြေအနေ ဆိုးလေ၊ အောင်မြင်မှု ပိုကြီးလေဆိုတာယုံပါ။ ရန်သူက ဘယ်လောက်ပဲလုံလုံခြုံခြုံ ရှိပါစေ၊ ဘုရားသခင်အတူပါရှိသောအခါ လွတ်နေတဲ့နေရာကလေးကို ထိရောက်အောင် တိုက်ခိုက်နိုင်ခြင်းဖြစ်ပါသည်။ ဂေါလျက်ကိုသတ်ပြီးနောက် အောင်ပွဲခံသောအခါ  "ရှောလုက အထောင်ထောင်၊ ဒါ၀ိဒ်က အသောင်းသောင်း" ဆိုပြီး အမျိုးသမီး တွေကသီချင်း စပ်ဆိုကြသည်။ ထို့ကြောင့် ရှောလုသည် ဒါ၀ိဒ်အပေါ် မနာလို စိတ်ဝင်လာပါသည်။ သတ်ပစ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေသည်။သို့သော် ဒါ၀ိဒ်က လက်တုန့်မပြန်ခဲ့ပဲ ရှောင်ပြေးနေခဲ့သည်။ သင့်အားမနာလိုတဲ့သူက အမျိုးမျိုးနှောင့်ယှက် လာပြီဆိုရင် စိတ်မခုပါနဲ့။ ကြီးမားတဲ့ အောင်မြင်မှုရလာတော့မှာ ဖြစ်သည်။ စိတ်ဓာတ်သာ မှန်ပါစေ။ လက်တုန့်ပြန်မယ်ဆိုရင်လျှင် သူတို့အထဲ အောင်မြင်မှုေတွရောက်သွားနိုင်ပါသေးသည်။ လက်တုန့်ပြန်ချင်တဲ့ စိတ်ကို မမွေးပါနဲ့။ ဘုရားသခင်ကိုပဲ ယုံကြည်ပါ။ ဘုရားသခင်ကိုပဲ ယုံကြည်လိုက်ပါ။

ဒါ၀ိဒ်ပုန်းခိုနေတဲ့ဂူထဲတွင်လည်း ပြဿနာပေါင်းစုံကြုံတွေ့နေရသောလူ (၄၀၀)က ဒါ၀ိဒ်နားတွင် ခိုလှုံနေကြသေးသည်။ ထိုလူ(၄၀၀)သည်  တကယ်ဆို ဒုက္ခသည်များ ဖြစ်ကြသော်လည်း ဘုရားသခင် ဘိသိက်ထားသော ဒါ၀ိဒ်နဲ့ လက်တွဲလာကြသောအခါမှာ သူတို့ကိုယ်တိုင် ကောင်းချီးရလာပြီး ခေါင်းဆောင်ကြီးတွေ ဖြစ်လာကြသည်။ လောလောဆယ်အားနည်းနေသလိုလိုဖြစ်သော်လည်း တစ်နေ့တွင် ဒါ၀ိဒ်က ရှင်ဘုရင်ဖြစ်လာပါသည်။ကျွန်ုပ်တို့၏ အသက်တာတွင်လည်း ဘုရားသခင်ဘိသိက် ပေးသော လူနဲ့ပေါင်းမိဖို့ အလွန်အရေးကြီးပါသည်။ ဧလိရှဲသည် အောင်မြင်သော ပရောဖက်ဖြစ်လာရန် ဘုရားသခင် ဘိသိက်ပေးသောပရောဖက်ကြီး ဧလိယဆီတွင် တပည့်ခံပြီး နှစ်ပေါင်းများစွာ လက်တွဲခဲ့ပါသည်။ နောက်ဆုံးတွင် ဧလိရှဲကိုယ်တိုင် နှစ်ဆသော ဘိသိက်ခြင်းကို ရရှိသွားပါသည်။

ယနေ့ လူတွေ ကြည့်သလို မကြည့်ဘဲ ဘုရားသခင်က မည်သူ့အား ဘိသိက်ပေးသလဲဆိုတာ ၀ိညာဉ်မျက်စိဖြင့် မြင်တတ်ဖို့ လိုပါသည်။အထူးသဖြင့် ဘုရားသခင်၏ဘက်တွင် နေတတ်ဖို့ အရေးကြီးပါသည်။ ဘုရားသခင်ပါရှိသောဘက်တွင် သစ္စာရှိရှိပူးပေါင်းပါဝင်ပြီး လက်တွဲ သွားမယ်ဆိုလျှင် အသက်တာတွင်  တိုးပွားလာမည် ဖြစ်သည်။ ယေရှုအား လူတွေက ၀ိုင်းပယ်နေကြသော အချိန်တွင် သူကို ရွေးမိလိုက်သော လူတွေက အောင်မြင်ပြီး ကောင်းချီးမင်္ဂလာ ခံစားရ မှာဖြစ်သည်။ သူ့ကိုငြင်းပယ်တဲ့သူတွေကတော့ နောက်ဆုံးမှာ နောင်တရသော်လည်း နောက်ကျသွားပါလိမ့်မည်။  ခရစ်တော်က ငါသည် ထိမိလဲစရာ ဖြစ်သလို တည်ဆောက်စရာလည်း ဖြစ်သည်ဟု ပြောပါသည်။ မယုံကြည်သူတွေအတွက်တော့ ယေရှုက ထိမိလဲစရာဖြစ် သော်လည်း ယုံကြည်လက်ခံတဲ့ လူတွေအတွက်မူ ထာဝရ အသက် ဖြစ်သည်။ ငြင်းပယ်သော သူအတွက် သေခြင်းနဲ့ ဆုံးရှုံးခြင်းကို ဦးတည်နေပါသည်။  အရွေးမမှားဘဲ ဘုရားသခင်၏ဘိသိက်မှုရှိသော လူကိုပဲ ရွေးနိုင်ဖို့ ဘုရားသခင်ကောင်းချီးချပေးပါစေ။

(၂၀၀၆-ခုနှစ်၊ ဧပြီလ ၄ ရက်၊ တနင်္ဂနွေနေ့ မြန်မာ အစီအစဉ်တွင် ဟောကြားသောဒေသနာမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)

Contact us

If you have a question about ourChurch, please feel free mail to our Junior Pastor Rev. Roija!

roija[at]gmail.com

Worship Hours

Every Sunday, we have 3 Worship Services;

  • Myanmar (Main) Service: 9:00 am to 1:00pm
  • Zomi Serice: 2:00 pm to 4:00 pm
  • English service: 5:00 pm to 7:30 pm