Rev. Gin Lam Thang

သိက္ခာတော်ရဆရာဂင်လမ်းထန်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မွန်းလှိုင်ကျေးရွှာတွင် အဘ ဦးအင်ခန့်နန် နှင့် အမိ ဒေါ်ကျိန်ခန့်ဝုန် အားဖြင့် မွေးဖွားလာသော ၅ ယောက်မြောက် သားဖြစ်ပါသည်။ အခြေခံမူလတန်းပညာ(သူငယ်ကိုတန်း မှ စတုတ္ထတန်းအထိ)ကို မွန်းလှိုင်ရွာတွင်သင်ယူခဲ့ပြီး၊
ပဉ္စမတန်းကို အ.ထ.က(၃) ဗိုလ်တစ်ထောင်၊ ဆဌမတန်း နှင့်သတ္တမတန်းကို အ.ထ.က (၃) ပြင်ဦးလွင်၊ အဌမတန်းနှင့် နဝမတန်းကို အ.ထ.က (၆) ဗိုလ်တထောင်(စိန်ပေါလ်) ၊ တက္ကသိုလ်ဝင်တန်းကို ကလေးမြို့နယ်၊တာဟန်း၌ရှိသော Y.C.W ဘော်ဒါဆောင်မှ အသီးသီး သင်ယူခဲ့ပါသည်။ တက္ကသိုလ်ဘွဲ့ကို မြန်မာစာမေဂျာဖြင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ရရှိခဲ့ပါသည်။

၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် ဆရာလန့်ဒိုခုပ်၏ ဧဝံဂေလိဝေငှခြင်းဖြင့် ယေရှုခရစ်ကိုမိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ပြီး သန့်ရှင်းသော ဝိညာဉ်တော်နှစ်ခြင်းကိုလည်း ထူးခြားစွာ တစ်ပြိုင်နက်ရရှိခဲ့ပါသည်။ ၂၀၀၃ခုနှစ် ဧပြီလ တွင် သင်းအုပ်ဆရာကြီးဖြစ်သော သိက္ခာတော်
ရဆရာ ဒေါက်တာ ဒမ်ဆွမ်းမုန် အားဖြင့် ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ဘုရားထံမှ ရှင်းလင်းသောရူပါရုံနှင့် အမှုတော်မြတ်အတွက် ခေါ်သံကြားကာ ဓမ္မပညာကို စတင် လေ့လာဆည်းပူးခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဒေါက်တာအောင်မန်းဖွင့်လှစ်တည်ထောင်ခဲ့သော Myanmar Centre For Theo-logical Studies ကျောင်းမှ Bachelor in Theology (B.Th) ဘွဲ့ရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်တွင် Full Gospel Bible Training Centre ကျောင်း မှ Diploma ရရှိခဲ့ပါသည်။

၁၉၉၆ခုနှစ်တွင် တစ်မိသားစုလုံး ကလေးမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွေ့နေထိုင်ပြီး Full Gospel Assembly အသင်းတော်၌ အသင်းသားအဖြစ် ဆက်
ကပ်ခဲ့ကြရင်း Sunday School တက်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်မှစတင်၍ ၂၀၀၉ ခုနှစ်အထိ Volunteer Sunday School ဆရာအဖြစ် ဆက်ကပ်အ
သုံးတော်ခံခဲ့ပါသည်။ ထို့နောက် ၂၀၀၉ ခုနှစ်မှစတင်၍ Full Gospel Assembly ၌ အမှုတော်ထမ်းဆောင်ကာ လူငယ်ဥက္ကဌ အဖြစ် လူငယ်သာသနာနှင့် မင်္ဂလာဒုံနယ်မြေတာဝန်ခံအဖြစ် ၂၀၁၃ အထိ ဆက်ကပ် အသုံးတော်ခံခဲ့ပါသည်။ ဘုရားသခင်၏လမ်းဖွင့်ပြပေးခြင်းဖြင့် ကိုယ်ပိုင်သံစဉ် ကိုးကွယ်ခြင်းသီချင်းများရေးကာ ချီးမွမ်းကိုးကွယ်ခြင်း၌ ပျော်မွေ့နေရင်း ကိုယ်တိုင်ရေးဆိုခဲ့သော သီချင်းများအားဖြင့် ယုံကြည်သူများအား ကောင်းကြီးဖြစ်စေခဲ့ကာ ပြည်တွင်း ပြည်ပမှ အသင်းတော်များ၏ ဖိတ်ခေါ်မှုကို ကြိမ်ဖန်များစွာ ခံယူခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် အသင်းတော်၌ Worship Pastor အဖြစ်ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ ကျေးဇူးတော်ကြောင့် ငယ်ရွယ်ပြီး မထိုက်တန်ပေမယ့်လည်း အသင်းတော်၏ အနှစ်(၃၀) ပြည့်နှစ်ဖြစ်သော ၂၀၁၇ ခုနှစ်တွင် အသင်းတော်မှ ဓမ္မသိက္ခာတင်ခြင်းခံခဲ့ရပါသည်။

ဘုရားသခင်၏လမ်းပြပေးခြင်းဖြင့် အသင်းတော်၏ Worship ကဏ္ဍ၌ တာဝန်ယူနေရင်း မျိုးဆက်သစ် Worship Leader များနှင့် Musician များအား မွေးထုတ်ပေးခွင့်ရရှိကာ အသင်းတော်အသီးသီး၌ ကောင်းကြီးဖြစ်စေရန် ၂၀၁၅ခုနှစ်တွင်သင်းအုပ်ဆရာကြီး
ခွင့်ပြုသဘောတူမှုကို ခံယူပြီး Full Gospel Worship School ကို တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်ကာ ယခုအချိန်ထိ ကျောင်းသား/ကျောင်းသူ ၂၇၆ ဦး ကျောင်းဆင်းပြီး ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် ဆရာမ လေဒီယာ နှင့် ဘုရားရှေ့ လူရှေ့၌ ထိမ်းမြားမင်္ဂလာ ဆောင်နှင်းခဲ့ပြီး သား (၃)ဦးထွန်းကားကာ ဘုရားပေးသော အိမ်ဖြစ်သည့် ရွှေဂုံရိပ်မွန်အိမ်ယာ၊ ဗဟန်းမြို့နယ်၌ နေထိုင်လျက်ရှိပါသည်။