Rev. Pau Kim Sang

သိက္ခာတော်ရ ဆရာပေါင်ကင်းဆန်ကို ဦးနိန်ခိုဟောက်နှင့် ဒေါ်ဇင်ခိုညန်တို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နန်းဟံနွဲ့ကျေးရွာ
တွင် မွေးဖွါးခဲ့ပါသည်။ မွေးချင်းမောင်နှမ ရှစ်ယောက်အနက် ဆဌမမြောက်သားဖြစ်ပါသည်။ လေးနှစ်သားအရွယ်တွင် တစ်မိသားစုလုံး ကလေးမြို့သို့ ပြောင်းရွေ့ပြီး၊ ကလေးမြို့တွင် ကြီးပြင်းခဲ့ပါသည်။
မူလတန်း ပညာကို အမက(၁)၊ ကလေးမြို့တွင် သင်ယူခဲ့သည်။ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းကို ယခုအခေါ် အထက(၃)(စိန်မေရီကျောင်း)၊ ကလေးမြို့၌ ၂၀၀၀ခုနှစ်တွင် သင်ယူအောင်မြင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် အဝေးသင် ဘာရပ် သမိုင်းအထူးပြုဖြင့် ကလေးတက္ကသိုလ်၌ B.A (History) ဘွဲ့ရခဲ့ပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သော ၂၀၀၀ခုနှစ်၊ မေလတွင် ဘုရားပြင်ဆင်ပေးခြင်းဖြင့် မြန်မာ့မီးရထား၊ အင်ဂျင်နီယာ(မြို့ပြ)၌ အလုပ်သင်စာရေးဖြင့်အစိုးရတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၂ခုနှစ် တစ်နေ့သောအခါ လုပ်ငန်း ထဲရှိနေချိန်တွင် မသဲ ၆:၃၃ ဖြင့် ဘုရားခေါ်ခြင်းကို ရရှိခဲ့ပြီး အစိုးရဝန်ထမ်းဘ၀ကို စွန့်လွှတ်ပြီး ဘုရား အမှုတော်မြတ်အတွက် ဆက်ကပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဘင်ဂလောမြို့ရှိ ASOT(Asia School Of The-ology)ကျောင်းတွင် B.Th ပထမနှစ်ကို သင်ကြားခဲ့သည်။

၂၀၀၄ခုနှစ်တွင် ထိုမြို့ရှိ အေဂျီကျမ်းစာကျောင်းဖြစ်သော SABC(Southern Asia Bible College) ကျောင်းသို့ B.Th သင်ယူရန်အတွက် ပြောင်းရွေ့ခဲ့သည်။ ၂၀၀၅-၂၀၀၆ခုနှစ် ဓမ္ဓပညာသင်ကြားနေစဉ် မိသားစု၏အမေရိကန်နိုင်ငံသို့ ပြောင်းရွေ့ခြင်း အစီအစဉ်ကို ပို့ဆောင်ရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သွားရောက်နေထိုင်ခဲ့ပြီး ဓမ္ဓပညာနောက်ဆုံးနှစ်သင်ကြားခြင်းကို တစ်နှစ်ရပ်နားခဲ့ရသည်။ မဲဆောက်မြို့၌ နေထိုင်စဉ် Love God Church(မြန်မာ)အသင်းတော်တွင် ဂီတာတီးခြင်း၊ ချီးမွမ်းကိုးကွယ်ဦးဆောင်ခြင်း၊ ကျမ်းစာသင်တန်း ပေးခြင်း၊ သဘာပတိလုပ်ဆောင်ခြင်းများဖြင့် ပါဝင်ဆက်ကပ်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင် မြန်မာပြည်ပြန်လာ၍ အိန္ဒိယနိုင်ငံသို့ ဓမ္ဓပညာဆက်လက် သင်ယူရန် တဖန်သွားရောက်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် SABCကျမ်းစာကျောင်း၌ B.Th ဘွဲ့ရရှိခဲ့သည်။

၂၀၀၈ခုနှစ်တွင် မြန်မာပြည်သို့တဖန်ပြန်လာကာ ရန်ကုန်မြို့၊ FGBTC ကျမ်းစာသင်တန်း ကျောင်းတွင် ဓမ္ဓပညာဆက်လက်သင်ယူခဲ့ပြီး ၂၀၀၉ခုနှစ်တွင် Diploma ရရှိခဲ့သည်။ ၂၀၀၉ခုနှစ်၊ မေလတွင် ယခုလက်ရှိ အမှုတော်ဆောင်နေသော ဖူးလ်ဂေါ်စပယ်အသင်းတော်၏အစမ်းခန့်အမှုတော်ဆောင်အဖြစ် စတင် ဆက်ကပ်ခဲ့ပြီး ၂၀၁၀ခုနှစ်တွင် အချိန်ပြည့်အမှုတော်ဆောင်ဖြစ်လာခဲ့သည်။ အစမ်းခန့်အမှုတော်ဆောင်သော အချိန်မှစ၍ ယခုအချိန်ထိ တောင်ဒဂုံမြို့နယ်၊ ၇၀-၇၁ ရပ်ကွက်တွင် ဧဝံဂေလိဆရာနှင့် နယ်မြေတာဝန်ခံအဖြစ် ပါဝင်ဆက်ကပ် နေသည်။ ၂၀၁၃ခုနှစ်တွင် လက်ရှိဆက်ကပ်နေသော နယ်မြေ၌ မယုံကြည်သောကလေးငယ်များအား ရည်ရွယ်လျှက် ဘုရားဖွင့်ပြချက်အတိုင်း Good Care မူကြိုကျောင်းကို ကိုယ်ထူကိုယ်ထဖြင့် တည်ထောင်ခဲ့သည်။ ၂၀၁၃ခုနှစ်မှစ၍ ယနေ့အချိန်ထိ ဧဝံဂေလိကဏ္ဍ၏အတွင်းရေးမှူးအဖြစ် ပါဝင်ဆက်ကပ်နေသည်။

၂၀၁၄ခုနှစ်တွင် အသင်းတော်၏ဧဝံ ဂေလိလှုပ်ရှားမှုအတွက် တရားနှစ်မျိုးဝေစာကို စတင်ထုတ်ဝေခဲ့သည်။ ၂၀၁၆ခုနှစ် မှ ၂၀၁၉ခုနှစ်အတွင်း အသင်းတော်၏သင်းထောက်လူကြီးနှင့် အထွေထွေဘဏ္ဍာရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၂၀၁၈ခုနှစ် ဖူးလ်ဂေါ်စပယ်အသင်းတော်ကို အစိုးရ
၏အသိအမှတ်ပြုရရှိရန် ဆောင်ရွက်ခြင်းတွင် ကမကထလှုပ်ရှားသူအဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ အသင်းတော်၏အဲလ်ရှဲဒိုင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ဦးမုန်သောင် ဖောင်ဒေးရှင်း(FGA)တွင်လည်း ဘဏ္ဍာရေးမှူးအဖြစ် ပူးတွဲတာဝန်ပေးခြင်းခံရသည်။

၂၀၁၉ခုနှစ် မှ လက်ရှိအချိန်ထိ အသင်းတော်၏အထွေထွေဘဏ္ဍာရေးမှူးအဖြစ် ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ပေးအပ်ခြင်းခံရသည်။ ၂၀၁၃ခုနှစ်တွင် ဓမ္မလိုင်စင်အမှုတော်ဆာင်ကဒ်ရရှိပြီး၊ ၂၀၁၇ခုနှစ်တွင် ဖူးလ်ဂေါ်စပယ်အသင်းတော်၏နှစ်(၃၀)ပြည့် အခမ်းအနား၌ ဓမ္မသိက္ခာတင်မင်္ဂလာကို လက်ခံရရှိခဲ့သည်။ ၂၀၁၃ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် (ဦးနိန်ခန့်ပေါင်၊ ချင်းပြည်နယ်သစ်ထုတ်လုပ်ရေး) နှင့် ဒေါ်ညင်ငိုက်လျန်းတို့၏ ဒုတိယသမီး မကျိန်ဆွင်းလွန်း(B.A – English)နှင့် ထိမ်းမြှားလက်ထပ်ခဲ့သည်။ ယခုအချိန်တွင် မညာဏ်ငိုက်ရှမ့်နှင့် မလျန်းရှန်းနွမ်း သမီးနှစ်ဦးထွန်းကားခဲ့သည်။

ဝါသနာ စာရေးခြင်း၊ စာဖတ်ခြင်း။
ကိုင်စွဲသောကျမ်းပိုဒ် မသဲ ၆:၃၃ ၊ ဖိလိပိ ၄:၁၃။