
အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသူတစ်ဦးအနေဖြင့် အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်စေခြင်းကို အဟန့်အတားဖြစ်စေပြီး၊ မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်း ကြုံတွေ့ခံစား ရင်ဆိုင်နေ ရသော အဟန့်အတားအချို့ကို ဝေမျှပေးလိုပါသည်။
ကမ္ဘာပေါ်ရှိ ဘုရားသခင်ဖန်ဆင်းထားသည့် သက်ရှိများ စွာရှိသည့်အနက် လူသားများတွင်ကျားနှင့်မဟူ၍ နှစ်မျိုးသာရှိပါသည်။ ထိုလူသားများသည် မိမိတို့ အသက်ရှင်ရပ်တည်ရန်၊ မျိုးဆက်ပြန့်ပွားရန်၊ အမှီသဟဲပြု ရန်၊ အပြန်အလှန်အထောက်အ ကူပြုရန်အတွက် တစ်ဦးနှင့်တစ်ဦးပတ်သက်ဆက်နွယ်ရသည်။ ရှေးကမ္ဘာဦး ကျောက် ခေတ်ကာလက အမျိုးသားနှင့်အမျိုးသမီးတို့၏ မတူညီသော ခန္ဓာ ကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ နှင့် ကိုယ်တွင်းရှိ အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များ ကွဲပြားခြားနားမှုအရ လုပ်ငန်းတာဝန်အသီးသီးကို ခွဲခြားလုပ်ကိုင်ခဲ့ကြသည်။
ဥပမာအားဖြင့် အမျိုးသ မီးများသည်ကိုယ်ဝန်ဆောင်ခြင်း၊ သားသမီးများနှင့် အနီးကပ်နေထိုင်၍ နို့ချိုတိုက် ကျွေးပြုစုပျိုးထောင်ခြင်း၊ အမျိုးသားများမှာ ပိုမိုကြံ့ခိုင်သောခန္ဓာကိုယ် ဖွဲ့စည်း တည်ဆောက်ပုံအရ မိသားစုအတွက် စားနပ်ရိက္ခာ ရှာဖွေရခြင်း၊ မိသားစုနေထိုင်ရန် ရှာဖွေရခြင်း၊ နယ်မြေလုပွဲများ ဆင်နွှဲရခြင်း၊ လုံ ခြုံရေးအတွက် အကာအကွယ် ပေးရခြင်းတို့ဖြစ်သည်။
ထိုသို့ ခေတ်ကာလ အ ခြေအနေပေါ်မူတည်၍ အခန်း ကဏ္ဍအလိုက် မိမိတို့၏ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ကြသော်လည်း၊ ထိုမှတဆင့် ပြောင်းလဲလာသောအခြေအနေများ တွင်ယခင်ကထားရှိခဲ့သော သတ် မှတ်ချက်များအား လွဲမှားစွာ နား လည်ကျင့်သုံးလာရာမှ အမျိုးသမီးများအပေါ် ခွဲခြားမှုများ ဖြစ်ပေါ်လာသည်။ ရှေးယခင်မှစတင်၍ အ မျိုးသမီးများအပေါ် ခွဲခြားသတ် မှတ်မှုများ၊ ခွဲခြားဆက်ဆံမှုများသည် လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းများ၏အခန်းကဏ္ဍ အသီးသီးတွင် ယခုတိုင်ခိုင်မာစွာရှိနေပါသည်။
အမျိုးသမီးများသည် လူ သားများဖြစ်သည့်အတွက်အမျိုး သားများနှင့် သာတူညီမျှစွာအခွင့် အရေးရရှိရမည်ဖြစ်သော်လည်း၊ လူမှုအသိုင်းအဝိုင်းမှ အချို့သော ခွဲခြင်းသတ်မှတ်ပုံ သွင်းချက်များ၊ ဓလေ့ထုံးတမ်းစဉ်လာများ အပါ အဝင် အမျိုးမျိုးသော အဟန့်အ တားများသည် အမျိုးသမီးများ အား မိမိတို့ ၏စွမ်းဆောင်ရည် များ၊ အရည်အချင်းများကို အသုံး ချခွင့် မရရှိစေခြင်း၊ မိမိတို့၏အ တွေးအမြင်များ၊ ခံစားချက်များကို ထည့်သွင်း စဉ်းစားပေးခြင်းမခံရ ဘဲ၊ လျစ်လျူရှုခံရခြင်း၊ နောက် ချန်ထားမှုကိုခံရခြင်း၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အ တားဖြစ်စေခြင်း၊ ဂုဏ်သိက္ခာ ကင်းမဲ့သကဲ့သို့ ခံစားရစေခြင်း စသည်တို့ကို ဖြစ်စေပါသည်။
၎င်းမှတဆင့် အမျိုးသမီး များ၏ဂုဏ်သိက္ခာနှင့် အခန်းက ဏ္ဍအပေါ် လေးစားတန်ဖိုးထားမှု လျော့နည်းလာခြင်း၊ အသိအမှတ် ပြုမှုမရှိခြင်းတို့ကို ဖြစ်ပေါ်လာပြီး၊ ထိုမှတဆင့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေ သည်။ မိမိလေးစားရသော၊ဂုဏ် သိက္ခာရှိသည်ဟု သတ်မှတ်ထား သောသူများကို မည်သူမှအကြမ်း ဖက်မည်မဟုတ်ပါ။
စစ်တမ်းများအရ ကမ္ဘာပေါ်ရှိ အမျိုးသမီးသုံးဦးလျှင် တစ်ဦးသည် အကြမ်းဖက်ခြင်း ခံနေရသည်။ အမျိုးသမီးများအပေါ် အ ကြမ်းဖက်ခြင်းတွင် ရုပ်ပိုင်းဆိုင် ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးပွားရေးပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း နှင့်အန္တာရာယ်ရှိသော ဓလေ့ထုံး တမ်းစဉ်လာများပါဝင်ပြီး၊ ၎င်း တို့ သည် အမျိုးသမီးများ၏ တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အတားပြုနေသောအရာများတွင်ပါဝင်ပါသည်။
ကျွန်မအနေဖြင့် လူမှုဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့စဉ်က ထက်မြက်ပြီး၊ တွေးခေါ်မြော်မြင်မှု စွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်ရှိသော ရပ်ရွာအကျိုးအတွက် စိတ်အားထက်သန်သော၊ စိတ် ကူးစိတ်သန်းကောင်းမွန်ပြီး သင်ပြဆွေးနွေးမှုစွမ်းရည် ကောင်း မွန်သော အမျိုးသမီးများစွာနှင့်တွေ့ကြုံခဲ့ရပါသည်။
မိမိတို့တွင် ထိုသို့သော အရည်းအချင်းရှိကြောင်းကို ၎င်း တို့ကိုယ်တိုင်လည်း ယခင်ကမ သိရှိခဲ့ပါ။ လူမှုဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သောအခါတွင်မှ ၎င်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အခွင့်အလမ်းများပိုမိုရရှိလာပြီး၊ မိမိတို့၏စွမ်းရည်များအား ဖော်ထုတ်အသုံးချနိုင်လာခဲ့ကြောင်းပြောကြပါသည်။
အဘယ့်ကြောင့်ဆို သော် ၎င်းတို့နေထိုင်ကြီးပြင်းလာ သော လူမှုအဖွဲ့အစည်း၏ သတ် မှတ်ချက် ဓလေ့ထုံးစံများအရ အ မျိုးသမီးများသည် ခေါင်းဆောင် သည့် အခန်းကဏ္ဍတွင်ပါဝင်ရန် အခွင့်အလမ်းရရှိမှု နည်းပါးခြင်း၊ အမျိုးသမီးများအား အိမ်မှုကိစ္စ များဆောင်ရွက်သည့် အခန်းက ဏ္ဍ၌သာ ဆောင်ရွက်စေခြင်း၊ ရပ်ရွာအရေးကိစ္စများတွင် နောက် တန်းမှ ပံ့ပိုးသူများအဖြစ်သာ နေ စေခြင်းတို့သည် အမျိုးသမီးများ ၏ ဖွံ့ဖြိုးတိုးတက်ခြင်းကို အ ဟန်အတားဖြစ်စေပါသည်။ ထိုသို့သောအဟန့်အတားများသည် အမျိုးသမီးများအတွက် ရေရှည် တွင်ဆိုးကျိုးကိုသာဖြစ်စေပါ သည်။
ပညာသင်ယူခွင့်မရှိ သော၊ ပညာသင်ယူခြင်းကို အားမပေးသော အသိုင်းအဝိုင်းမှ အ မျိုးသမီးများသည် အိမ်ထောင် ပြုသောအခါတွင် ခင်ပွန်းဖြစ်သူအား မှီခိုရမည်မှာ ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။ အဆိုပါခင်ပွန်း သည် မိမိဇနီးနှင့် မိသားစုအား ကောင်းမွန်စွာ ရှာဖွေကျွေးမွေး နိုင်လျှင်အဆင်ပြေနိုင်သော် လည်း၊နောက်အိမ်ထောင်ပြု ခြင်း၊ သေဆုံးခြင်း၊ ကျန်းမာရေး မကောင်းခြင်း၊ မိသားစုအား စွန့် ခွာသွားခြင်းစသည့် အကြောင်း ကြောင်းကြောင့် ဆက်လက်ရှာ ဖွေကျွေးမွေးခြင်း မပြုနိုင်တော့ပါ ကမိသားစု၏တာဝန်သည် အမျိုး သမီးအပေါ်တွင် ကျရောက်လာတော့မည်ဖြစ်သည်။
ထိုအခြေအနေတွင် ပ ညာကောင်းစွာသင်ယူရန် အခွင့် အလမ်းမရခဲ့သော အမျိုးသမီး များမှာ မိသားစု အသက်ရှင်ရပ် တည်ရန်အတွက် ဝင်ငွေရှာဖွေရာ တွင် အခက်အခဲများစွာကြုံတွေ့ ရလာနိုင်သည်။ မိခင်များသည် သားသ မီးများအား ဖခင်များထက် ပိုမိုနီး ကပ်စွာ ပြုစုစောင့်ရှောက် သွန်သင်ဆုံးမနေရသောသူများဖြစ် သည့်အတွက် မိခင်၏အရည်အ ချင်းသည် အနာဂတ်မျိုးဆက် သစ် သားသမီးများအပေါ်တွင် အ ပေါင်းလက္ခဏာ၊အနုတ်လက္ခ ဏာဆောင်သော လွှမ်းမိုးမှုများရ ရှိနိုင်ပါသည်။
မိမိကိုယ်တိုင် ရပ်တည် နိုင်စွမ်းမရှိသော အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မှုကို အခြားသူများထက် ပိုမို ခံစားရ တတ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိမိကိုယ်တိုင် ဝင်ငွေရှာ ဖွေနိုင်ခြင်းမရှိသောအခါ၊အိမ် ထောင်ဦးစီး၏အပေါ်တွင် လုံးလုံး လျားလျား မှီခိုရသောကြောင့် အကြမ်းဖက်မှုကိုခံစားရသော် လည်း သည်းခံနေထိုင်ရသောသူ များ ရှိသကဲ့သို့၊ မြန်မာ့လူမှုအ သိုင်းအဝိုင်း၏ အိမ်ထောင်ကွဲ မု ဆိုးမများအပေါ်ထားရှိသော အ ထင်အမြင်သေးသည့် အမြင်များ ကြောင့် မိမိကိုယ်တိုင် ရပ်တည် နိုင်သော်လည်း အိမ်ထောင်ဖက် ၏အကြမ်းဖက်ခြင်းကို ကြိတ်မှိတ် သည်းခံနေရသော အမျိုးသမီးများစွာရှိနေပါသည်။ ထိုသို့သော အမျိုးသမီးများအပါ် အကျိုးမဲ့စေ သည့် အမြင်သတ်မှတ်မှုများကို လည်းပြောင်းလဲရန် လိုအပ်ပါသည်။
ကျွန်မတို့နိုင်ငံ၏ ဓလေ့ ထုံးစံအရ ဝင်ငွေရှာဖွေသူအများ စုမှာ အမျိုးသားများဖြစ်ပြီး၊ အမျိုးသမီးများမှာမူ အိမ်မှုကိစ္စများကို ဆောင်ရွက်ရသူများဟု သတ် မှတ်ထားကြသည်။ ရှေးယခင်အ နေအထားအရ အမျိုးသားတစ်ဦး ၏ဝင်ငွေနှင့် မိသားစုတစ်ခုလုံး ရပ်တည်နိုင်သော်လည်း၊ ယခု ကဲ့သို့ ပြောင်းလဲလာသော ခေတ် အခြေအနေတွင် မိသားစုတစ်ခု ရပ်တည်ရန် အမျိုးသားတစ်ဦးတည်း၏ဝင်ငွေနှင့် လုံလောက်မှု မရှိသောကြောင့် အမျိုးသမီးများ ပါ ဝင်ငွေရှာဖွေသည့် အခန်းကဏ္ဍတွင် ပါဝင်လာရသည်။ ထိုသို့သော အခြေအနေတွင် မိသားစု၏ အိမ်မှုကိစ္စများအတွက် အမျိုး သားများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့်ပါသည်။ ဝင်ငွေ ရှာဖွေခြင်းမရှိသော်လည်း အိမ်မှုကိစ္စများကို ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုအတွက် တစ်ထောင့် တစ်နေရာမှ ပံ့ပိုးပေးနေသော အမျိုးသမီးများ၏ လုပ်ဆောင်ချက်များကိုလည်း အသိအမှတ်ပြုရန် လိုအပ်ပါသည်။
အန္တာရာယ်ရှိသော ရိုးရာ ဓလေ့ ထုံးတမ်းစဉ်လာများသည်လည်း အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုး တက်မှုအပေါ် အဟန့်အတားဖြစ် စေပါသည်။ အရွယ်မတိုင်မီ အိမ်ထောင်ပြုပေးခြင်း၊ မျိုးဆက်ပွား ကျန်းမာရေးနှင့်ဆိုင်သော အသိပ ညာများအား လက်လှမ်းမမှီ အောင် ထိန်းချုပ်ထားခြင်း၊ ပညာသင်ကြားခွင့်မပေးခြင်း၊ ဆုံးဖြတ် ချက်များချမှတ်ရာတွင် ပါဝင်ခွင့်မ ပေးခြင်း၊ စီးပွားရေးလုပ်ဆောင် ရန်အတွက် ကန့်သတ်ခြင်း၊ ထိန်း ချုပ်ခြင်း၊ အမျိုးသမီးများနှင့်ပတ် သက်သော ဆုံးဖြတ်ချက်များကို အမျိုးသားများက ချမှတ်ခြင်း၊ မိမိ ၏ဘဝအတွက် မိမိကိုယ်တိုင် ဆုံး ဖြတ်ချက် ချမှတ်ခွင့်မရခြင်း စသည့် ဓလေ့ထုံးစံများသည် အမျိုး သမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက် ခြင်းအတွက် အလွန် ကြီးမား သော အဟန့်အတားဖြစ်စေရုံမ က၊ နောက်ဆက်တွဲဆိုးကျိုးများ ကို ဖြစ်ပေါ်စေပါ သည်။
အမျိုးသမီးများအပေါ် တွင်ရှိနေသော အဟန့်အတား များကိုဖယ်ရှားရန်အတွက် အမျိုးသမီးများကိုယ်တိုင်၏ မိမိကိုယ် ကို ယုံကြည်လေးစား၊ တန်ဖိုး ထားမှုမှာ အရေးအကြီးဆုံးဖြစ် ပါသည်။ မိမိကိုယ်ကို ယုံကြည် လေးစားမှုရှိမှသာလျှင် သူတပါး၏ အသိအမှတ်ပြုလေးစားခြင်း ကို ရရှိနိုင်မည်ဖြစ်သည်။
ယနေ့ခေတ်ကာလတွင် အမျိုးသမီးများအား ကဏ္ဍအသီး သီး၌ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ခေါင်းဆောင်မှုစွမ်းရည် မြှင့်တင်ပေးခြင်းစသော လုပ်ငန်းအစဉ်အစီများစွာ ပေါ်ပေါက်လာပြီဖြစ်ပါသည်။ အမျိုးသမီးများ သည် ၎င်းအခွင့်အလမ်းများကို ရယူသင့်ပါသည်။
တစ်ချို့အမျိုးသမီးများမှာ အခွင့်အလမ်းများရှိသော်လည်း ရယူရန်အတွက် မိမိကိုယ်ကိုယုံ ကြည်မှု အားနည်းနေသေးသည် ကို တွေ့ရှိရသည်။ ကျွန်မ၏အတွေ့အကြုံအရ ကျေးရွာများ တွင် ရပ်ရွာဖွံ့ဖြိုးရေးနှင့်ဆိုင်သော အစည်းအဝေးများပြုလုပ်ပါက တက်ရောက်သူများမှာ အများအားဖြင့် အမျိုးသမီးများသာဖြစ် သော်လည်း ဆုံးဖြတ်ချက်ချနိုင် ခြင်းမရှိဘဲ၊ တခါတရံမှသာ တက်ရောက်သော အမျိုးသားများမှ ဆုံးဖြတ်ချက်များ ချမှတ်သည်ကို တွေ့မြင်ရသည်။ အမျိုးသမီးများ ချည်းသာ ရှိနေသောအချိန်တွင် ပြောဆိုဆွေး နွေးခြင်းများ ပြုလုပ် ကြသော်လည်း၊ အမျိုးသားများ ရောက်ရှိလာပါက အနောက်ဘက်သို့ ပြောင်း၍ထိုင်ခြင်း စသည်တို့ကို တွေ့မြင်ရသည်။
အမျိုးသားအများစု ပြောလေ့ရှိသော “အမျိုးသမီးတွေကို ဦးဆောင်ခိုင်းတာဘဲ၊ သူတို့ကမှ မလုပ်ချင်တာ”ဟူသော စကားကို မကြာခဏ ကြားရလေ့ရှိပါသည်။ ခေါင်းဆောင်နေရာတွင် တာဝန်ပေးလိုပါက အမျိုးသမီးများအား ပါဝင်လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ လုပ်ဆောင်ခွင့်ပေးရန်လို အပ်သကဲ့သို့၊ အမျိုးသမီးများအနေဖြင့်လည်း မိမိတို့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လိုအပ်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုမရှိပါက မည်မျှပင်အခွင့်အလမ်းရစေကာမူ အချည်းနှီးသာဖြစ်ပါသည်။
လူမှုအသိုင်းအဝိုင်း အဖွဲ့ အစည်းတစ်ခု ဟန်ချက်ညီမျှစွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အနာဂတ်မျိုးဆက်သစ်များအား အနီး ကပ်သွန်သင်ပြုစု၊ စောင့်ရှောက်မှုပေးနေသော အမျိုးသမီးများပေါ်တွင် သတ်မှတ်ထားရှိသော အဟန့်အတားများကို ဖယ်ရှားရန်လိုအပ်ပါသည်။ အဟန့်အတားများကို ဖယ်ရှားသည် ဆိုရာတွင် အမျိုးသမီးများသာမက၊ ၎င်း တို့နေထိုင်သော လူမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှ လူသားများ၊ အထူးသဖြင့် အမျိုးသားများ၏ ပူးပေါင်းပါဝင်မှု၊ ပံ့ပိုး ကူညီမှုသည် အထူးလိုအပ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မြန်မာ့လူမှုအသိုင်းအဝိုင်းအများစု၏ သတ်မှတ်လက်ခံချက် များအရ အမျိုးသားများမှာ အဓိကအရေးပါသော၊ လွှမ်းမိုးနိုင်သော အခန်းကဏ္ဍတွင် ရှိနေပါသောကြောင့် အဟန့်အတားများ ကို ပြောင်းလဲဖယ်ရှားရာ၌ ပိုမို လျင်မြန် ထိရောက်စေနိုင်သော ကြောင့် ဖြစ်သည်။
အခက်အခဲများစွာ ရှိနိုင်သော်လည်း လူသားအချင်းချင်း အပြန်အလှန် ပံ့ပိုးကူညီမှု၊ ပူးပေါင်းလက်တွဲဆောင်ရွက်မှု ဖြင့် အမျိုးသမီးများပေါ်တွင် ရှိနေသောအကျိုးမဲ့စေသည့် အဟန့် အတားများကို ဖယ်ရှားနိုင်မည်ဟု လေးလေးနက်နက် ယုံကြည်မိပါသည်။
ဆရာမ မေသန်းဌေး